သူတစ်ပါးသမီး
ထိုသူစိမ်းကြီးကို အိမ်ပေါ်တင်လျက်က
တစ်သက်လုံး ရှာဖွေကျွေးရသော ဒုက္ခ။
သူတစ်ပါးသမီး
ထိုသူစိမ်းကြီးမွေးသမျှကလေး
လိုသမျှ ရှာဖွေပေးရသော ဒုက္ခ၊
သူတစ်ပါးသမီး
ထိုသူစိမ်းကြီးက မျက်နှာညို သူ့ အလိုကျ
အလိုက်ပေးနေရသော ဒုက္ခ၊
ထိုဒုက္ခ ဤ ဒုက္ခ သချိုင်းဝရောက်သည့်တိုင်အောင်
အနားရသည်မရှိချေ။
ထို ဒုက္ခအချစ်ကပေးသော ချစ်ဒုက္ခချည်းဖြစ်ရာ -
သူ့ ကာမ ကိုယ့်ဘ၀နှစ်မျိုးတို့ ၌
ခင်မင်နေခြင်းသည်
ဒုက္ခဖြစ်ရခြင်း၏ အရင်းခံအမှန်တရား။
သူ့ ကာမခံစား၍
ကိုယ့်ဘ၀အလျော်အစားပေးနေရခြင်းသည်
ဒုက္ခခံနေရသော အမှန်တရား။
လူသား၌ သစ္စာ - ချစ်ရာမှစပါသည်ဆိုသောစကား မမှားသင့်ပြီ။
လင်ထား မယားလည်း သည့်အတူမှတ်လေ။
တစ်ဖန် တိရစ္ဆာန်လောကသားတို့ ကား
ဖြစ်ရာဘ၀ပျော်ကြရ၍ ဒုက္ခသည်ဘ၀ လှလှကြီးရောက်ကြရလေရာ
သစ္စာဖြစ်ရာမှ စပါသည်ဟူ၍သာ ဆိုရချေသည်။
အညှီကိုစွဲ၍ ဤကမ္ဘာထဲ သတ္တ၀ါတစ်ဦးအဖြစ်
အစအဆုံးရောက်လာသည့် ဘ၀နှင့်လည်း ထိုစကားအံဝင်၏။
နွားသည် ယခင်က တစ်နေကုန်ရိုက်နှက်စေခိုင်းသောလည်း
အိမ်ရောက်၍ အစာကျွေးသော်
ထိုတစ်နေကုန်ဒုက္ခ
အစာသမုဒယက
ဖုံးကွယ်ပေးထားခြင်းကို ခံရသည်။
လင်သားသည်လည်း
တစ်နေကုန် မည်မျှပင်ပန်းဆင်းရဲခဲ့ရသော်လည်း
အိမ်ရောက်၍ ပြုံးရွှင်နေသော
မယားတစ်ခါစာမျှကြည့်လိုက်ရလျှင်ပင်
အားလုံးမေ့သွားရတော့သည်သာ။
လူသားတို့ ၌ သမုဒယတဏှာသည်
ဤအမျှထိ ဖမ်းစားထားနိုင်စွမ်းရှိ၏။
အဘယ့် ကြောင့်ဆိုသော်
၎င်း၏နောက်၌
ဝေဒနာအလိမ်၊ သညာအချဲ့ ၊
ဝိညာဉ်၏ အလှည့် ထို သုံးမျိုးတို့ 
ကျောထောက်နောက်ခံရှိနေကြသောကြောင့်…
မိန်းမတိုင်း ဒုက္ခမပေးတက်ကြပါ။ မယားကသာ ဒုက္ခပေးနေကြပါသည်။
ယောကျာင်္းတိုင်းလည်း ဒုက္ခမပေးပါ။ လင်ကသာ ဒုက္ခပေးနေပါသည်။
ထိုဖြစ်ရပ်ကို သုံးသပ်ကြည့်သော်
အကြိုက်မိ၍သာ ဒုက္ခရောက်ရသည်ဟူသော
သမုဒယကြောင့် ဒုက္ခဖြစ်နေရခြင်း အမှန်တရားဖုံးကွယ်ထား၍ မရတော့ပြီ။
မိမိ၏ ကြိုက်စိတ်ကြောင့် ဖြစ်ရသော ဒုက္ခသည်သာ
မရှိတောင့်တ ရှိကြောင့်ကြဖြင့် ဘက်စုံနှိပ်စက်တက်ရကား
ဒုက္ခစစ်ဆိုရ၏။ မိမိ၏ ကိုယ်စိတ်နှစ်ပါးအတွင်းကသာ
ထွက်ပြူနှိပ်စက်တက်သောကြောင့် အိမ်ရှင်ဒုက္ခဆိုရ၏။
ထိုလောကီသစ္စာနှစ်ပါးတွင် -
သမုဒယဟူသော အကြိုက်မိရာ စွဲလမ်းပူဆာလျက်က
ဒုက္ခကို လက်ယပ်ခေါ်နေသော အမှန်တရားသစ္စာသည်
မိမိစိတ်တွင် ခိုနား၍ ခိုင်းစားနေချေ။
(ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး)
0 comments:
Post a Comment